Saturday, August 30, 2008

ရိုးဂိုးဆံတော်ရှင်ဘုရား ရောင်ခြည်တော်ကွန့်မြူးသည်ကို လူရာချီ လာရောက်ဖူးမျော်

ရိုးဂိုးဆံတော်ရှင်ဘုရား ရောင်ခြည်တော်ကွန့်မြူးသည်ကို လူရာချီ လာရောက်ဖူးမျော်
Sat 30 Aug 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာရှိ ရိုးဂိုးဘုရား ရောင်ခြည်တော်ကွန့်မြူးသည်ကို မွန်ဒေသ အတွင်းရှိ ဘုရားဖူးများ ရာနှင့်ချီပြီး လာရောက်ဖူးမျှော်ကြသည်ဟု ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် သြဂုတ် ၂၂ ရက်နေ့တွင် ရောင်ခြည်တော်စတင်ကွန့်မြူး၍ ယနေ့တိုင် ဘုရားဖူး ဧည့်သည်များ ရာနှင့်ချီကာ စည်ကားစွာ သွားရောက်ဖူးမျော်ကြည်ညိုကြသည်။ ဤဆံတော် ရှင်ဘုရားသည် ရိုးဂိုးရွာအဝင်လမ်းဝတွင် တည်ထားကိုးကွယ်တော်မူသည်။

''လာရောက်ဖူးမျှော်တဲ့ လူတွေက တော်တော်များတယ်၊ ရောင်ခြည်တော်တွေက ရောင်စုံ ထွက်တယ် ညပိုင်းဆိုရင် ပိုပြီးတော့ထင်ထင်ရှားရှာ့းမြင်ရတယ်။ ညသန်းခေါင်ရောက်ရင် နဂါးရုပ်လိုမျိုးကိုလည်းမြင်နေရတယ်'' ဟု ကိုယ်တိုင်မျက်မြင်တွေ့ခဲ့သည့် မော်လမြိုင်မှ သံဃာတော်တစ်ပါးကပြောသည်။

''ဘုရားရောင်ခြည်တော်ကွန့်မြူးသည့်ပုံကို ဓာတ်ပုံသမားတွေက ဘုရားအနီးတဝိုက်မှာ လိုက်ရောင်းနေတယ်'' ဟု ၄င်းသံဃာတော်ကပြောသည်။

ရိုးဂိုးဘုရားသည် ဆံတော်ရှင်ဘုရားဖြစ်သည့်အလျောက် မွန်ပြည်နယ်အတွင်း ဤဘုရား၏ သမိုင်းရာဇာဝင်ကိုသိတော်မူကြသည်။

ရိုးဂိုးကျေးရွာရှိ ရွာသားများနှင့် ထိုဘုရားအနီးရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးတော် မူနေသော ဆရာတော်ဘုရားကြီးတို့သည် ညှိနှိုင်းတိုင်ပင်ပြီး ထိုဘုရားကို ရွှေရည်သုတ်ရန် ဆုံးဖြတ်ချက်ချပြီး နောက်တစ်ရက်တွင် ဤရောင်ခြည်တော် ကွန့်မြူးခဲ့သည်ဟု ရိုးဂိုးဆရာတော်ဘုရားကြီးက ပြောသည်။

''ဘုရားရောင်ခြည်တော်ကွန့်မြူးတာ မြင်ရခဲတယ်၊ ဒီလိုဖြစ်တာလည်း တိုင်းပြည်မအေးချမ်းတဲ့ နမိတ်ကို ပြနေတာများတယ်၊ စစ်ဖြစ်မှာလား၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အပြောင်းအလဲတစ်ခုခု လည်း ဖြစ်လာနိုင်တယ်'' ဟု ပဲခူးဆရာတော်တစ်ပါးက ၎င်း၏အမြင်ကို ပြောပြသည်။

ရိုးဂိုးဆံတော်ရှင်ဘုရားသည် လွန်ခဲ့သည့် ၁၂ နှစ်ကျော်တုန်းကလည်း ရောင်ခြည်တော်ကွန့် မြူးခဲ့ဖူးသည်ဟု ဓာတ်ပုံထဲ၌ မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ရိုဂိုးဆံတော်ရှင်ဘုရားပွဲသည် နှစ်စဉ်နှစ်တိုင်း နှစ်ဆန်း ၁ ရက်နေ့တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ နှစ်စဉ်ဘုရားဖူးဧည့်သည်များနှင့် ပြည့်နှက်နေလေ့ရှိသည်။

No comments: